Facebook နှင့် သင့်ဘဝ

Facebook က Social Website တစ်ခုဖြစ်ပါတယ်။ Facebook ပေါ်မှာ ၀ါသနာတူမိတ်ဆွေတွေရှာပြီး အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်တယ်။ ဝေးလံတဲ့နေရာဒေသတွေက မိတ်ဆွေများရနိုင်တယ်။ သင်ပေးချင်တဲ့ Message တစ်ခုကိုလည်း အချိန်တိုအတွင်းမှာ အမြန်ဆုံးပြန်လည်ဖြေကြားမယ့် မိတ်ဆွေတွေရှိတယ်။ ဗဟုသုတပွားများဖို့ မိတ်ဆွေတွေနဲ့ စကားပြောနိုင်တယ်။ Topic တစ်ခုကို အဖွဲ့လိုက် ဆွေးနွေးနိုင်တယ်။ ဒါတွေက Facebook ရဲ့ ကောင်းကျိုးတွေဖြစ်ပါတယ်။ ဒါဆိုရင် ဆိုကျိုးရော မရှိနိုင်ဘူလားလို့ သုံးသပ်ဖွယ်ရှိပါတယ်။
မိတ်ဆွေရှာရ လွယ်ကူတဲ့ Facbook က ပြင်ပလောကမှာ အပေါင်းအသင်းရှားသူတွေအတွက် စွဲလမ်းစရာနေရာဖြစ်ပါတယ်။ ပြင်ပလောက (Real World) မှာ ပြုလုပ်မရနိုင်တာတွေ၊ မပြောသင့်တဲ့ ကိစ္စတွေကို Facebook မှာ ပြောနိုင်တယ်။ သင့်ရဲ့ စကားနည်းတဲ့အကျင့်က ထိုနေရာမှာ Chatting စွဲသော လူတစ်ယောက် အဖြစ် တွန်းပို့ပါလိမ့်မယ်။ အပြင်မှာ Popular ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်က သူ့ရဲ့ဓာတ်ပုံတွေကို နိစ္စဓူဝတင်နေမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ မပြည့်စုံတဲ့၊ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒများက Facebook မှာ ပေါက်ကွဲထွက်လာမှာ အမှန်ပါပဲ။
ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ပွင့်အံထွက်ရာ Facebook က စိတ်ကွယ်ရာဖြစ်နေလား။ Facebook က Real World မဟုတ်ပေမယ့် ပြင်ပကမ္ဘာက လူတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ နေရာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ရှိတယ်ပေါ့။ ဒီလိုဖြစ်ခြင်းက ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။
Facebook မှာ သင်သိရှိနေတဲ့ သူငယ်ချင်းများစွာထဲမှာ ပြင်ပက သိပြီးသားမိတ်ဆွေတွေပါနေမယ်။ အဲ့လိုပဲ လက်ရှိ Facebook မှာပဲသိနေတဲ့ သူငယ်ချင်းခေါ်တဲ့ လူစိမ်းများနဲ့လည်း နောင်တစ်ချိန်မှာ ပြင်ပလောကမှာ မသိနိုင်ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ Facebook မှာစပြီး ခင်ကာ ပြင်ပမှာ မိတ်ဆွေတွေဖြစ်သွားတဲ့ သာဓကများလည်း အများကြီးပါ။ အဲ့လို ပြင်ပလောကနဲ့ ဆက်နွယ်မှုရှိတာကြောင့် ကျွန်တော်တို့ဟာ Facebook ကို သတိပြုရပါတော့မယ်။
သင် မည်သည့် အရာတွေကို Facebook ပေါ်တင်နေတာကို သတိပြုရမယ်။ သင်အမှတ်မထင်တင်လိုက်တဲ့ ဓာတ်ပုံက သင်ရဲ့ ဥပဓိရုပ်ကို ပြနေတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်လုံးပေါ် ပုံကိုသာ တင်လိုက်သောလည်း ဓာတ်ပုံရဲ့ နောက်ခံ Background ကိုကြည့်ပြိး သင်ရဲ့ လူနေမှုအဆင့်အတန်းနဲ့ အသိုင်းအ၀ိုင်းကို ခန့်မှန်းသိရှိနိုင်ပါတယ်။ သင်ကိုယ်တိုင် ဓာတ်ပုံမတင်ခဲ့ပေမယ့် မိတ်ဆွေတစ်ဦးက သင်ပါဝင်တဲ့ ဓာတ်ပုံတစ်ခုခုပေါ်မှာ သင့်ကို Tag လုပ်ခဲ့သော် သင့်ရဲ့ နောက်ခံသမိုင်းကြောင်းအနည်းငယ်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်တင်လိုက်တဲ့ ဆွေးနွေးစရာခေါင်းစဉ် (Topic) တစ်ခုက သင်ရဲ့အတွေးအခေါ်ကို မှန်းဆဖို့ ပြတင်းပေါက်လို ဖြစ်နေပါတယ်။ ဆွေးနွေးမှု၊ ငြင်းခုံမှုတစ်ခုမှာ အမှတ်အထင်ရေးလိုက်တဲ့ Comment တစ်ခုကြောင့် သင်ရဲ့ သည်းခံမှုနဲ့ စိတ်ခံစားတတ်မှုကို သိသွားနိုင်ပါတယ်။ Group အသီးအသီးတွေမှာ ၀င်ရောက်ဆွေးနွေးတဲ့ သင့်ရဲ့ Comment တွေကို ကြည့်ပြီးတော့လည်း သင်ရဲ့အယူအဆနဲ့ ရပ်တည်မှုများကိုလည်း သိရှိနိုင်ပါတယ်။
သင် ဘယ်အရာကို Like နေသလဲဆိုတာကိုလည်း သိကြမှာပါ။ သင့်ရဲ့ ၀ါသနာ၊ စိတ်ဝင်စားမှု အားလုံးကို အလွယ်တကူနဲ့ သိနိုင်တယ်။ သင့်ရဲ့ ကြိုက်နှစ်သက်မှုများကို အခြားလူများက အလွယ်တကူသိနိုင်ခြင်းက သင့်နဲ့ ရင်းနှီးမှုယူချင်သူများအတွက်တော့ လက်နက်ကောင်းတွေ ဖြစ်ပါတယ်။
သင်နဲ့ အခုမှ အပြင်မှာ သိတဲ့သူက သင်ရဲ့ Facebook name (သို့) Gmail address (တစ်ချို့ User တွေက Facebook name နဲ့ Gmail user name ကို အတူတူထားတတ်ကြပါတယ်) ကိုရရုံနဲ့ သင့်ရဲ့ အကျင့်စရိုက်တွေ၊ ၀ါသနာတွေ၊ အလေ့အထတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို Facebook မှာ တက်ရောက်စုံစမ်းနိုင်ပါတယ်။ သင် Like လုပ်ထားမှုတွေ၊ Comment ရေးထားမှုများက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အကျင့်စရိုက်တွေကို ဖော်ပြနေတာပါ။ လုပ်ငန်းရှင်တစ်ဦးက ကိုယ့်ထံကို အလုပ်လာလျှောက်တဲ့ ၀န်ထမ်းရဲ့ အကျင့်စရိုက်ကို သိချင်တဲ့အခါ Facebook ပေါ်တက်ပြီး စုံစမ်းနိုင်ခြင်းမျိုးတွေ ရှိတတ်ပါတယ်။
Place လုပ်ဆောင်ချက်က သင့်ဘယ်နေရာဒေသကို ရောက်နေလဲဆိုတာကို ညွန်ပြနေလိမ့်မယ်။ ကျွန်တော်တို့ ဘယ်နေရာ ခရီးသွားနေလဲဆိုတာကို တစ်ကမ္ဘာလုံးက သိခြင်းက ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများမယ်ထင်ပါတယ်။
မဖွယ်မရာတဲ့ ပုံတွေမှာဖြစ်စေ၊ လျပ်ပေါ်လော်လီတဲ့ ပုံတွေပေါ်မှာဖြစ်စေ Comment တွေပေးခြင်းကိုလည်း သိနိုင်ပါတယ်။ အဲ့ဒါတွေကို ကြည့်ပြီး သင် ဘယ်လိုလူမျိုးဖြစ်သလဲဆိုတာကို အတော်အတန့် ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။ ပြင်ပလောက နဲ့ ဆက်နွယ်နေတဲ့ Facebook မှာ အဲ့လို သင့်အကြောင်းတွေကို သိခြင်းက ပြင်ပလောက ဆက်ဆံရေးအပေါ် တစ်ချိန်ချိန်မှာ အကျိုးသက်ရောက် လာမှာဖြစ်ပါတယ်။ သင် Facebook သုံးတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကောင်းကျိုးဆိုးကျိုးတွေ ပြန်ပြီး ခံစားရမှာပါ။ အဲ့ဒါကြောင့် Facebook ကို အကျိုးရှိတဲ့ လုပ်ရပ်တွေ အများကြီး လုပ်နိုင်ပါတယ်။ ၀ါသနာတူ မိတ်ဆွေတွေဖွဲ့ပြီး Subject တစ်ခုကို လေ့လာနိုင်တယ်။ ပြောဆိုဆွေးနွေးနိုင်တယ်။ ကျွန်တော်တိုရဲ့ အတွေ့အကြုံတွေကို ဝေငှနိုင်တဲ့အပြင် တခြားသူတွေရဲ့ အတွေ့အကြုံတွေကလည်း ပြန်ပြီး သင်ယူနိုင်တယ်။ အဲ့လို ဆွေးနွေးလေ့လာခြင်းဖြင့် သင်သည် သက်ဆိုင်ရာ ပညာရပ်မှာ ပြည်ဝသူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ သင်က ဓာတ်ပုံရိုက်ခြင်း ၀ါသနာပါတဲ့သူ Photographer တစ်ဦးဖြစ်နေမယ်ဆိုရင် သင့်ရဲ့ လက်စွမ်းပြချက်တွေကို မိတ်ဆွေအများကြီးဆီကို မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ဖြန့်ချီနိုင်ပါတယ်။ အဲ့ဒိပုံတွေကို ကြည့်တဲ့ မိတ်ဆွေတွေရဲ့ တုန့်ပြန်မှု ကိုလည်း အချိန်နဲ့ တစ်ပြေးညီ သိနိုင်မှာဖြစ်ပါတယ်။
Facebook က ကျွန်တော်တို့ရဲ့ အယူအဆတွေကို မိတ်ဆွေတွေရှိကို ဖြန့်ဝေပေးနိုင်တဲ့ နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် သာသနာပြုလိုတဲ့ လူတစ်ဦးအတွက် သာသနာပြုနိုင်တဲ့ နေရာကောင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် စာပေ ၀ါသနာပါသူများနဲ့ ကဗျာ၊ တေးဂီတ ၀ါသနာပါသူများကလည်း သူတို့ ဖန်တီးမှုတွေကို အလွယ်တကူဖြန့်ဝေနိုင်ပါလိမ့်မယ်။ မိတ်ဆွေတွေနဲ့ အတူတူ မျှဝေခံစားနိုင်တယ်။
Facebook မှာ ကိုယ့်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အကျိုးရှိတဲ့ လုပ်ရပ်များကိုပဲ ပြုလုပ်သင့်ပါတယ်။
Facbook နဲ့ အလဟဿအချိန်တွေမကုန်သင့်ပါဘူး။ ကိုယ်ဝါသနာပါတဲ့ Subject တွေကို နွေးနွေးတာတို့၊ လိုအပ်တဲ့ အကြံဥာဏ်တွေကို မိတ်ဆွေများထံက တောင်းခံတာတွေ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ စာပေတွေ၊ အနုပညာဖန်တီးမှုတွေဖြန့်ဝေတာတွေ၊ စစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရှာဖွေတာတွေအပြင် ကိုယ့်လုပ်ငန်းကိုဖြစ်စေ၊ ထုတ်ကုန်ဖြစ်စေ ကြော်ငြာခြင်းတို့ဖြင့် အကျိုးရှိစွာ အသုံးပြုသင့်ပါတယ်။
အဲ့ဒါကြောင့် Facebook ကိုလေးစားပါ။ ပြင်ပလောကလို ဂရုစိုက်ပြီး သုံးပါ။ Facebook က Took တစ်ခုဖြစ်ပါတယ်။ Took ဆိုတာ သူချည်းပဲဆိုရင် ဘာဂုဏ်သတ္တိမှမရှိပါဘူး။ အသုံးပြုသူအပေါ်မူတည်ပြီး အကျိုးရှိမှုကွာခြားသွားမှာဖြစ်ပါတယ်။ Facebook မသုံးခင် သင့်ရဲ့ အကြောင်းကို ဘယ်လောက်ထိပေးသိစေမှာလဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ပါ။ Privacy Setting ကို သေချာအသုံးပြုပါ။ Tag လုပ်ဆောင်ချက်၊ Like လုပ်ဆောင်ချက်တွေကို စီစစ်ထိန်းချုပ်ပါ။ Place လုပ်ဆောင်ချက်တွေကိုလည်း စီစစ်ထိန်းချုပ်ပါ။ Chatting တွေနဲ့ Facebook စွဲတာ၊ ပြင်ပလောကမှ ထွက်ပြေးလိုပြီး Facebook မှာ အချိန်းဖြုန်းခြင်းတွေကို သတိထားပါ။ ဓာတ်ပုံတွေကိုလည်း အရမ်းတင်တာမျိုးရှောင်ကြဉ်ပါ။ Comment ပေးတာကို ပြင်ပမှာ ပြောတဲ့ အဖိုးတန်စကားတွေလို အလေးထားပါ။ Facebook ကို အပျော်သက်သက် အသုံးပဲ အကျိုးရှိစွာအသုံးပြုပါလို့ အကြံပြုချင်ပါတယ်။ တစ်ဆက်တည်းမှာလည်း Facebook Friends မှ ဘ၀အတွက် အကူအညီရနိုင်တဲ့ မိတ်ဆွေစစ်များဖြစ်အောင်လည်း ပြုလုပ်ပါ။ Facebook က သင့်ဘ၀အတွက် အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါစေလို့ ပြောရင်း နိဂုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။
Ref: Myanmar Internet Journal

No comments: