အရောင်သဘောတရား (Colour Theory - 9)

Triadic Colour Scheme သည် ရောင်စဉ်စက်ဝိုင်း Colour Wheel ပေါ်ရှိ အကွာအဝေးတူ မည်သည့်သုံးရောင်တွဲကိုမဆို တွဲဖက်၍ အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အ၀ါ(yellow)၊ အနီ(red)၊ အပြာ(blue) တို့ကို တွဲဖက်၍လည်းကောင်း၊ လိမ္မော်(orange)၊ အစိမ်း(green) နှင့် ခရမ်း(violet) တို့ကို တွဲဖက်၍လည်းကောင်း စသည်ဖြင့် ရောင်စဉ်စက်ဝိုင်း Colour Wheel တွင် အကွာအဝေးတူ သုံးရောင်စီကို တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။



Triadic Colour Scheme တွင် အရောင်ဖျော့ Pale colour သို့မဟုတ် ပြင်းအားပြည့်ဝမှုရှိသော Hue ကို တွဲစပ်အသုံးပြုပါက ရရှိသော အကျိုးသက်ရောက်မှုသည် တုန်ခါမှုရှိနေမည်ဖြစ်ပါသည်။

Triadic Colour Scheme ကိုလိုက်ဖက်ပြေပြစ်စွာ အသုံးပြုနိုင်ရန်အတွက် အရောင်များတွင် လွှမ်းမိုးရောင်တစ်ရောင်နှင့် ဆက်နွှယ်တွဲဖက်ရန်အတွက် အခြားနှစ်ရောင်က ဂရုတစိုက် ချိန်ညှိရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။


Split-Complementary Colour Scheme
ခွဲခြမ်းစိတ်ဖြာ ဆန့်ကျင်ဘက် အရောင်အစီအစဉ်



Split-Complementary Colour Scheme သည် Key Colour အဖြစ်အသုံးပြုမည့် Hue တစ်ခုကို သတ်မှတ်၍ ထိုအရောင်၏ ဆန့်ကျင်ဘက်အရောင်ဖြစ်သော Complementary Colour ကို တိုက်ရိုက်မယူပဲ ၄င်းဆန့်ကျင်ဘက် အရောင်၏ ဘေးတစ်ဖက်တစ်ချက်ရှိ အရောင်နှစ်ရောင်ကို တွဲစပ်ကာ အသုံးပြုပါသည်။
Key Colour ၏ Complementary Colour နှင့် ကပ်လျက်ရှိသော အိမ်နီးချင်းမိတ်ဖက်အရောင် Adjacent Colour နှစ်ရောင်နှင့်တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် key colour ကို အ၀ါ(Yellow) အဖြစ်သတ်မှတ်၍ အသုံးပြုလျှင် တွဲဖက်အရောင်များအဖြစ် နီခရမ်း(Red-Violet) နှင့် ပြာခရမ်း(Blue-Violet) တို့ဖြင့်တွဲဖက်ကာ အသုံးပြုရမည်ဖြစ်သည်။
အကြောင်းမှာ အ၀ါ(Yellow)၏ ဆန့်ကျင်ဘက်အရောင် Complementary Colour ဖြစ်သော ခရမ်း(Violet)နှင့်  တစ်ဖက်တစ်ချက်ရှိ အိမ်နီးချင်းအရောင် Adjacent Colour များမှာ နီခရမ်း(Red-Violet) နှင့် ပြာခရမ်း(Blue-Violet) တို့ဖြစ်ပါသည်။

ဤအရောင်အစီအစဉ်သည် Complementary Colour Scheme ကဲ့သို့ပင် မြင်ခြင်းဆိုင်ရာဆန့်ကျင်ပြတ်သားမှုတွင် ပြင်းထန်သော်လည်း စူးရှတင်းမာမှုကို အနည်းငယ်လျော့နည်းစေပါသည်။ Complementary Colour Scheme သည် ရှုပ်ထွေးခက်ခဲမှုမရှိသောကြောင့် စိတ်ဝင်စားဖွယ်ဒီဇိုင်းများ ဖန်တီးရာ၌ ဆွဲဆောင်မှုအားကောင်းစေရန် Beginner များအတွက် ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်ပါသည်။

Double Complementary Colour Scheme
ဆန့်ကျင်ဘက်နှစ်ရောင်တွဲ အရောင်အဘိဓာန်



Double Complementary Colour Scheme သည်အိမ်နီးချင်းမိတ်ဖက်ကပ်လျက်အရောင် Adjacent Hue နှစ်ရောင်ကို ၄င်းတို့၏ဆန့်ကျင်ဘက်အရောင်နှစ်ရောင်တို့ဖြင့် တွဲ၍အသုံးပြုပါသည်။

ဥပမာ နီလိမ္မော်(Red-Orange) နှင့် Orange  တို့ကို အပြာ(Blue) နှင့် ပြာစိမ်း(Blue-Green)တို့ဖြင့် တွဲဖက်အသုံးပြုခြင်းဖြစ်သည်။

Rectangle (Tetradic) Colour Scheme
လေးရောင်တွဲ အရောင်အစီအစဉ်



Rectangle ခေါ် Tetradic Colour Scheme သည် Double Complementary Colour Scheme ၏ မူကွဲအရောင်အစီအစဉ်တစ်ခုပင် ဖြစ်ပါသည်။ ဆန့်ကျင်ဘက် ၊ မိတ်ဖက်အရောင်နှစ်စုံကို တွဲဖက်၍ လိုက်ဖက်ပြေပြစ်သောအရောင်အစီအစဉ်ပြုလုပ်ရာ၌ Double Complementary ကဲ့သို့ ကပ်လျက်ရှိသော အိမ်နီးချင်း အရောင်နှစ်ရောင်နှင့် ဆန့်ကျင်ဘက်အရောင်နှစ်ရောင်တို့ကို တွဲ၍မသုံးပဲ အိမ်နီးချင်းမိတ်ဖက်ရောင်တစ်ရောင်ခြား နှစ်ရောင်နှင့် ၄င်းတို့၏ ဆန့်ကျင်ဘက်အရောင်များကို တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။

ဤအရောင်အစီအစဉ်သည် ပိုမို၍ ကွဲပြားခြားနားမှု အတိုင်းအတာကို ကြွယ်ဝစွာ ဖန်တီးနိုင်ပြီး အရောင်တစ်ရောင်ကို လွှမ်းမိုးရောင်အဖြစ် အသုံးပြုဆောင်ရွက်ခြင်းသည် ဤအရောင်အစီအစဉ်၌ အကောင်းဆုံးဖြစ်ပါသည်။

ဤသို့အရောင်အစီအစဉ်တွင် Hue လေးရောင်ကို ဆတူညီတူအသုံးပြုပါလျှင် ဘက်ညီမှုမရှိဘဲဖြစ်နိုင်ပြီး လိုက်ဖက်ပြေပြစ်မှုရှိရန် ခက်ခဲပါသည်။ ထို့ကြောင့် အရောင်တစ်ရောင်ကိုလွှမ်းမိုးရောင်အဖြစ် ရွေးချယ်ဖန်တီးဖို့လိုပါသည်။ သင်၏ဒီဇိုင်းတွင် အပူရောင်နှင့်အအေးရောင်တို့အကြား ချိန်ညှိဆောင်ရွက်ခြင်းဖြင့် ဆွဲဆောင်မှုရှိသောဒီဇိုင်းကို ဖန်တီးဖွဲ့စည်းနိုင်ပါသည်။

Square Colour Scheme
လေးရောင်တွဲအရောင်အစီအစဉ်(မူကွဲ)



Square Colour Scheme သည်လည်း Rectangle Colour Scheme ကဲ့သို့ပင် လေးရောင်တွဲအရောင်အစီအစဉ်တစ်ခုပင် ဖြစ်ပါသည်။ သို့သော်လည်း ၄င်းတွင် တွဲဖက်မည့်အရောင်လေးရောင်သည် ရောင်စဉ်စက်ဝိုင်းတွင် အကွာအဝေးတူရှိနေသော အရောင်လေးရောင်ကို တွဲဖက်အသုံးပြုခြင်းဖြစ်သည်။ အရောင်စက်ဝိုင်း၌ နှစ်ရောင်ခြားအရောင်လေးရောင်ကို တွဲဖက်အသုံးပြုခြင်းဖြစ်ပါသည်။

ဤအရောင်အစီအစဉ်တွင်လည်း အရောင်တစ်ရောင်ကို လွှမ်းမိုးရောင်အဖြစ် တွဲဖက်အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင်၏ဒီဇိုင်းတွင် အပူရောင်နှင့်အအေးရောင်တို့အကြား ဘက်ညီချိန်ညှိမှုဖြစ်စေရန် သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။

 ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ(ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။

No comments: