အရောင်သဘောတရား (Colour Theory - 8)




အရောင်သဘောတရားနှင့်ပတ်သက်၍ သိနားလည်သင့်သော အခြေခံသဘောတရားများကို သိရှိပြီးနောက် လိုက်ဖက်ပြေပြစ်သော အရောင်အစီအစဉ်များ ၊ အရောင်တွဲများနှင့်ပတ်သတ်၍ ဆက်လက်တင်ပြသွားပါမည်။

ရောင်စဉ်စက်ဝိုင်းတွင် အပူရောင် ၊ အအေးရောင်များကို ပိုင်းခြားမြင်တွေ့နိုင်ပါသည်။ ယင်းတွင်အပူရောင်များသည် စွမ်းအားပြည့်ဝ တောက်ပကြပြီး အကြောင်းအရာအကွာအဝေးကို ရှေ့သို့တိုးလာစေပါသည်။ အအေးရောင်များသည် ငြိမ်သက်မှု သဘောကိုဖော်ပြပြီး စိတ်အေးချမ်းသက်သာသော ခံစားမှုကိုပေးစွမ်းလျက် အကြောင်းအရာများကို နောက်ဆုတ်သွားစေပါသည်။ အဖြူ ၊ အနက် ၊ မီးခိုး အသွေးအလတ်တို့သည် အရောင်ပျက်သဘော neutral  ကို ဖော်ဆောင်ပါသည်။

အရောင်များတွင် ပင်ကိုသဘောသဘာဝအားဖြင့် Dimension သုံးမျိုးဖြင့် တည်ရှိနေကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ လိုက်ဖက်ပြေပြစ်သော အရောင်အစီအစဉ်များ ၊ အရောင်တွဲများကို ဖန်တီးပြုလုပ်ရာတွင် ယင်း Dimension သုံခုအပေါ်တွင် မူတည်၍ မလျော့အတင်း ၊ အတိုးအဆုတ်ပြုလုပ်ကာ ဖန်တီးတည်ဆောက်ရပါသည်။

Hue, Value, Intensity or Chroma or Saturation ဟူသော Dimension သုံးခုအပေါ်တွင် အပြောင်းအလဲပြုလုပ်၍ လိုက်ဖက် ပြေပြစ်သော အရောင်အစီအစဉ်များကို ချမှတ်ဖန်တီးစီစဉ်ရပါသည်။ ထိုသို့စီစဉ်ဆောင်ရွက်ရာ၌ ညီမျှနေသော အစီအစဉ်များကို ရှောင်ကြဉ် ရပါမည်။ Hue, Value, Intensity ညီမျှနေပါက အထူးပြုချက် ဆန့်ကျင်ပြတ်သားမှု နည်းပါးပြီး ပေါ်လွင်မှု လျော့နည်းကာ စိတ်ကျေနပ်ဖွယ် ရလဒ်ကို ဆုံးရှုံးစေပါသည်။ အနုပညာအကြောင်းအရာများ၏ အချို့အစိတ်အပိုင်းများသည် ပို၍ပူခြင်း သို့မဟုတ် အေးခြင်း ၊ ပို၍နုခြင်း သို့မဟုတ် ရင့်ခြင်း ၊ အရောင်ပြည့်ဝမှုပြင်းအားများခြင်း ၊ နည်းခြင်းများ ရှိပါသည်။ ထိုကြောင့် ထိုသဘောကိုပေါ်လွင်စေရန်အတွက် အရောင်အစီအစဉ်များ ဖန်တီးရာတွင် Hue, Value, Intensity တို့ကို မတူညီသော ကွာဟချက်များဖြင့် အပြောင်းအလဲ ၊ အတိုးအဆုတ်ပြုလုပ်၍ စီစဉ်ဖန်တီး ရပါသည်။ အရောင်တို့၏နေရာယူမှုတွင်လည်း အရွယ်အစားအားဖြင့် တစ်ရောင်နှင့်တစ်ရောင် ညီမျှနေခြင်းကို ရှောင်ရှားရပါမည်။ ပြင်းအားလျော့နည်းသော အရောင်များကို ယေဘုယျအားဖြင့် အရွယ်အစား ကြီးကြီးမားမားထား၍ တောက်ပသောအရောင်ကို နေရာအနည်းအကျဉ်းတွင် နေရာချထားနိုင်ပါသည်။ ပြင်းထန်သော နုရင့်တန်ဖိုးဆန့်ကျင်ဘက် ပြတ်သားခြင်း ( value, contrast ) နှင့် ပြင်းထန်သော ပြည့်ဝမှုပြင်းအား Intensity တို့ကို ရှောင်ရှားခြင်းဖြင့် ဆက်သွယ်သော လိုက်ဖက်ပြေပြစ်သည့် အရောင်အစီအစဉ်များကို ချမှတ်နိုင်ပါသည်။ ထိုအရောင်အစီအစဉ်များသည် ကြည့်သူ၏စိတ်ကို အေးချမ်းငြိမ်သက်သော အကျိုးသက်ရောက်မှုကို ပေးနိုင်ပါသည်။

ဆန့်ကျင်ပြတ်သားသော အရောင်အစီအစဉ်တစ်ခု၌ ဆက်နွှယ်ပါဝင်သော Hue များသည် ပိုမို၍ ဆန့်ကျင်ဘက်သဘောများ ပေါင်းစပ်ပါဝင် ပါသည်။ ၄င်းတို့သည် ရှင်သန်၍ နိုးကြားတက်ကြွသောသဘောကို ဖော်ဆောင်ပြီး ၄င်းတွင် အပူရောင်နှင့် အအေးရောင် Hue များ နှစ်ခုလုံး ပါဝင်နေလေ့ရှိပါသည်။

အရောင်အစီအစဉ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက Hue တိုင်းသည် (Value နှင့် intensity)တွင် အလွန့်အလွန် ပြောင်းလဲခြားနားသည်ကို သင်တွေ့မြင်ရမည်ဖြစ်ပါသည်။

အရောင်စက်ဝိုင်း အခြေခံအရောင် ဆက်စပ်မှု အစီအစဉ်များကို အောက်တွင်ဖော်ပြထားပါသည်။

1. Mono Chromatic Color Scheme
    အရောင်တစ်ရောင်တည်း လိုက်ဖက်ပြေပြစ်မှု အစီအစဉ်

အရောင်တစ်ရောင်တည်းအသုံးပြု၍ နုရင့်အဆင့်ခွဲခြားကာ အသုံးပြုသော အရောင်အစီအစဉ်ဖြစ်ပါသည်။ မိမိသုံးစွဲမည့် နှစ်သက်ရာ အရောင်တစ်ရောင်တည်းကိုသာ အဖြူ ၊ အနက် ၊ မီးခိုးနုရင့် အစဉ်များ ပေါင်းစပ်တွဲဖက်၍ အရောင်အစီအစဉ်အဖြစ် အသုံးပြုခြင်းဖြစ်ပါသည်။



ဤအရောင်အစီအစဉ်တွင်
- မိမိအသုံးပြုမည့် စိတ်ကြိုက် key color အရောင်တစ်ရောင်ကို အဖြုဖြင့်ပေါင်းစပ်ပြီး နုသွားစေခြင်းဖြင့် ရရှိလာသော အရောင်နု "Tant" များ၊
- အရောင်တစ်ရောင်ကို အနက်ပေါင်းစပ်၍ ရင့်သွားစေခြင်းဖြင့် ရရှိလာသော အရောင်ရင့် shade များ၊
- အရောင်တစ်ရောင်ကို အဖြူ ၊ အနက်ကြားရှိ နုရင့်အဆင့်ဆင့်ဖြစ်သော မီးခိုးရောင်အသွေး လတ်နုရင့် အဆင့်များပေါင်းစပ်ခြင်းဖြင့် ရရှိလာသော အရောင်နုရင့်အဆင့် "Tone" များကို မိမိစိတ်ကြိုက် တွဲစပ်ဖန်တီးစီစဉ်ခြင်းဖြင့် Monochromatic Color Scheme ကိုရရှိနိုင်ပါသည်။



Analogous Colour Schemes
ဆင်တူရောင်ကွဲ အရောင်အစီအစဉ် သို့မဟုတ် အိမ်နီးချင်းမိတ်ဖက်အရောင်အစီအစဉ်

ရောင်စဉ်စက်ဝိုင်းတွင် နီးကပ်စွာယှဉ်တွဲတည်ရှိနေသော Hue များကို အိမ်နီးချင်းမိတ်ဖက်အရောင်များဟုခေါ်ပါသည်။ နီးကပ်စွာရှိနေသောအရောင်များဖြစ်သည့်အတွက် တစ်ရောင်နှင့်တစ်ရောင် အနည်းငယ်မျှသာ ကွဲလွဲ၍ ဆင်ဆင်တူသောအရောင်များဖြစ်နေသည့်အတွက် လိုက်ဖက်ပြေပြစ်သောသဘောကို
အလိုအလျောက်ရရှိစေပါသည်။ ၄င်းအိမ်နီးချင်းမိတ်ဖက်အရောင်များကို သုံးရောင်မှ ငါးရောင်အထိ အခြေခံတွဲဖက်၍ အစီအစဉ်ပြုလုပ်ခြင်းကို Analogous Colour Scheme ဟုခေါ်ပါသည်။ ဤအရောင်အစီအစဉ်သည် monochromatic colour scheme ထက် ပို၍ကြည်လင်သန့်ရှင်းကာ ကွဲပြားခြားနားစေပါသည်။
အမြဲအစဉ်လိုပင် ကောင်းစွာယှဉ်တွဲလိုက်ဖက်ပြီး တည်ညိမ်အေးချမ်း၍ သက်သောင့်သက်သာရှိသော ဒီဇိုင်းများကို ဖန်တီးနိုင်ပါသည်။



Analogous Colour Scheme သည် သဘာဝတွင် မကြာခဏ တွေ့မြင်နိုင်ပြီး မျက်စိပသာဒ ဖြစ်၍ ကျေနပ်နှစ်သက်ဖွယ်ရာ လိုက်ဖက် ပြေပြစ်မှုကို ဖြစ်ပေါ်စေပါသည်။ Analogous color scheme တစ်ခုကို ရွေးချယ်ရာ၌ သင့်အနေဖြင့် ပြည့်စုံလုံလောက်သော ဆန့်ကျင် ပြတ်သားမှုဖြစ်စေရန် အသေအချာ ရွေးချယ်ပြုလုပ်ရမည်ဖြစ်ပါသည်။

လွှမ်မိုးရောင်တစ်ခုအဖြစ် အရောင်တစ်ရောင်ကိုရွေးချယ်ပြီး ၄င်းကိုအထောက်အပံ့ဖြစ်စေရန် အခြားဒုတိယတစ်ရောင်ကို ရွေးချယ်ရမည် ဖြစ်ပါသည်။ တတိယမြောက်အရောင်ကို နှီးနွယ်ဆက်စပ်ရာ အရောင်တစ်ခုအပြင် value အတိုးအဆုတ် ပြုလုပ်၍ အနက် ၊ အဖြူ (သို့မဟုတ် Gray တစ်ရောင်) အရောင်ကို အသုံးပြုနိုင်ပါသည်။

အရောင်အစီအစဉ်ကြွယ်ဝစေရန်အတွက် အခြားအရောင်များကို အသုံးပြုသည့်တိုင် လွှမ်းမိုးရောင် တစ်ရောင်အဖြစ် သတ်မှတ်အသုံးပြုပါသည်။ Monochromatic colour scheme နှင့် ဆင်တူသော်လည်း ပိုမို၍အရောင်အတွေး မသိမသာ ကွဲပြားခြားနားပါသည်။ Monochromatic colour scheme ကဲ့သို့ပင် ဖန်တီးရန်လွယ်ကူသော်လည်း (Analogous Color Scheme) ကပို၍အရောင်အသွေး ကြွယ်ဝပါသည်။ အရောင်များထဲမှ တစ်ရောင်နှင့်တစ်ရောင် ဆန့်ကျင်ပြတ်သားမှုအားနည်းပြီး Complementary Colour Scheme ကဲ့သို့ လှုပ်ခါနိုင်စွမ်းမရှိပါ။

Analogous, Variation
ဆင်တူရောင်ကွဲ တစ်မူတွဲ

အချို့သော Analogous colur scheme များတွင် အိမ်နီးချင်းမိတ်ဖက်အရောင်များကို နီးစပ်ရာ ကပ်လျက်ရှိနေသော အရောင်မဟုတ်ပဲ Key Color ၏ တစ်ရောင်ကျော် ၊ တစ်ဆင့်ကျော် ၊ အိမ်နီးချင်းမိတ်ဖက်ရောင်များကို တွဲဖက်အသုံးပြုလေ့ရှိပါသည်။



Tips
1. Analogous Color Scheme တွင် Hue များစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ လိုက်ဖက်ပြေပြစ်ခြင်းသဘော ပျက်သွားနိုင်စေသောကြောင့် ဖြစ်ပါသည်။
2. ဤအရောင်အစီအစဉ်တွင် အပူရောင်နှင့်အအေးရောင်များကို ဆက်စပ်သုံးစွဲခြင်းမှ ရှောင်ပါ။

Complementary Color Scheme
ဆန့်ကျင်ဘက် မိတ်ဖက်အရောင်အစီအစဉ်

အရောင်စက်ဝိုင်းတွင် ဆန့်ကျင်ဘက်အသီးသီးရှိနေကြသော အရောင်များကို ဆန့်ကျက်ဘက်ဖြည့်ဖက်အရောင်များအဖြစ် ဖော်ပြပါသည်။
(ဥပမာ အနီနှင့် အစိမ်း၊ အ၀ါနှင့် ခရမ်း၊ လိမ္မော်နှင့် အပြာ)

ထိုဆန့်ကျင်ဘက်အရောင်များကို ပြည့်အားမြင့် full intensity ဖြင့် တွဲဖက်အသုံးပြုသည့်အခါ ဆန့်ကျင်ပြတ်သားမှုပြင်းထန်လွန်းသဖြင့် လွန်စွာလှုပ်ခါနေသည်ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် အရောင်အစီအစဉ်ကို အသုံးပြုမည်ဆိုပါက နှစ်လိုဖွယ်အရောင်အစီအစဉ်ဖြစ်စေဖို့ ကောင်းစွာ စီစဉ်တွဲစပ်ရန် လိုအပ်ပါသည်။

Hue, Value, Intensity ခေါ် Dimension သုံးရပ်ကို အလျှော့အတင်းပြုလုပ်၍ အရောင်ပမာဏအရွယ်အစားကို ကစားကာ တွဲဖက် စီစဉ်ရပါမည်။ ထင်ရှားပြတ်သားပေါ်လွင်စေရန် လိုအပ်သည့်အခါ ဤအရောင်အစီအစဉ်ကို အသုံးပြုနိုင်သော်လည်း အရွယ်အစားကြီးမားကျယ်ပြန့်သော ပမာဏတွင် သုံးရန်မှာ ခဲရာခဲဆစ်ဖြစ်တတ်ပါသည်။

"Complementary Colour Scheme" ဖြင့် စာသား text များကိုဖန်တီးမည်ဆိုပါက ဖတ်ရှုရန်ခက်ခဲနိုင်ပြီး လှုပ်ခါ၍နေမည်ဖြစ်ပါသည်။



Complementary Colour Scheme သည် ပင်ကို အရည်အသွေးအားဖြင့်ပင် ဆန့်ကျင်ပြတ်သားမှုအရ အမြင့်ဆုံး၊ အပြင်းထန်ဆုံး ဖြစ်ပါသည်။ ဤအရောင်အစီအစဉ်ကို သုံးစွဲပါက အဓိကသတ်မှတ်သော Key Color လွှမ်းမိုးရောင်တစ်ရောင်နှင့် ၄င်း၏ဆန့်ကျင်ဘက်အရောင်ကို ရွေးချယ်ရန်အရေးကြီးပါသည်။ နောက်ခံအတွက် အရောင်
တစ်ရောင်ကိုအသုံးပြုပြီး ၄င်း၏ဆန့်ကျင်ဘက်အရောင်ကို hightlight အဖြစ် အရေးကြီးသော အကြောင်းအရာထင်ရှားပေါ်လွင်စေရန် အသုံးပြုပါ။

Complementary Colour Scheme သည် အခြားအရောင်အစီအစဉ်များထက် ပို၍ပြင်းထန်သော ဆန့်ကျင်ပြတ်သားမှုကို ပေးစွမ်းပြီး အဆုံးစွန်သော အာရုံစူးစိုက်မှုကို ရရှိစေပါသည်။

Tips
1. အကောင်းဆုံးရလဒ်အတွက် အပူရောင်တစ်ရောင်နှင့် ဆန့်ကျင်၍ အအေးရောင်ကိုထားပါ။ (ဥပမာ - အပြာနှင့် လိမ္မော်)
2. လေးနက်စေလိုသောအဓိကအရောင် key colour အဖြစ် အပူရောင်တစ်ရောင် (အနီ သို့မဟုတ် အ၀ါ) ကို သင်အသုံးပြုပါလျှင် အပူရောင်အပေါ် ပိုမို၍ အထူးပြုပေါ်လွင်စေရန်အတွက် ဆန့်ကျင်ဘက်အအေးရောင်ကို ပြင်းအားလျှော့၍ သုံးနိုင်ပါသည်။
3. အပူရောင်များကို ပြင်းအားလျှော့၍သုံးခြင်းမှ ရှောင်ကြဉ်ပါ။ (ဥပမာ Brown သို့မဟုတ် dull yellows)

ဦးသစ်လွင်စိုး
တွဲဖက်ပါမောက္ခ(ပန်းချီ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)။

No comments: